ဆင်ဝှေ့ရန်ရှောင် ပြောနည်း
ဆင်ဝှေ့မည်ဟု လိ်ုက်လျှင် လွတ်ရာလွတ်ကြောင်း တိမ်းရှောင်က ချမ်းသာသကဲ့သို့ စကားအရာတွင်လည်း မိမိအဖို့ ဘေးရောက်မည့် စကားကို ရှောင်လွှဲ၍ ပြောဆိုခြင်းသည် "ဆင်ဝှေ့ရန်ရှောင်"ပြောနည်း မည်၏။
ရက်မအောက် မြေကြီးအထိ ရွှေချထားသော အိမ်ရှေ့မင်း၏ ကျောင်းမှ ရွှေများကို မြို့ဝန်က အဖျက်ခိုင်းရာ အိမ်ရှေ့မင်း စိတ်ဆိုးသည်ကို ပြေလည်အောင် လျှောက်ထားသော မြို့ဝန်၏ စကားကို သာဓက ထုတ်အပ်၏။
လင်္ကာ
ဆင်ဝှေ့ရန်ရှောင်၊ ပမာဆောင်သော်၊ ဘုန်းခေါင်ညီရင်း၊ အိမ်ရှေ့မင်းသည်၊ ကြည်ခြင်းသဒ္ဓါ၊ ကျောင်းဆောက်ရာတွင်၊ တွင်းပြင်ထက်အောက်၊ မြေသို့ရောက်အောင်၊ တပြောင်ပြောင်ပင်၊ အရောင်ဓီးဓီး၊ ယိုစီးမတတ်၊ ရွှေချလတ်လျှင်၊ မြို့ဝန်မြင်သော်၊ မလျော်လေချက်၊ တိုက်ပွတ်ဖျက်၍၊ ရက်မအောက်က၊ မြေသို့ကျမှ၊ သိရသောခါ၊ ဒါယကာလျှင်၊ ပြင်းစွာအမျက်၊ ဒေါသထွက်၍၊ ချက်ချင်းသတ်မည်၊ ခေါ်စေသည်တွင်၊ ရှိဦးတင်လျက်၊ အရှင်ဘုရား၊ သတို့သားလျှင်၊ မင်းဖျားဧကရာဇ်၊ ဖြစ်မည်ဧကန်၊ မုချမှန်၍၊ ထိုယံကာလ၊ ကျောင်းဆောက်မှလျှင်၊ ရွှေချဖို့ရာ၊ ချွင်းသည်သာဟု၊ ပညာရှေ့ဆောင်၊ ရန်ဝှေ့ရှောင်သည်၊ နောက်နောင်မှတ်ရန် စကားတည်း။***
အောင်ပွဲရ ကဗျာ
၂။ ကောက်ပင်ရိတ်လှီး၊ ပြောဆိုနည်း၊ ဉာဏ်မှီးပါက အောင်ပွဲရ။
၃။ ရေစီးဖောင်ဆန်၊ ပြောဆိုဟန်၊ ဝေဖန်နှိုင်းဆ အောင်ပွဲရ။
၄။ အိုးတန်ဆန်ခတ်၊ ပမာဟပ်၊ ပြောတတ်ပါက အောင်ပွဲရ။
၅။ ဆီပွတ်ကျည်ပွေ့၊ ပြောဆိုလေ့၊ လက်တွေ့မှန်လှ အောင်ပွဲရ။
၆။ ဆင်ဝှေ့ရန်ရှောင်၊ ပမာဆောင်၊ လူ့ဘောင်လောက အောင်ပွဲရ။
၇။ တောင်သူယာခုတ်၊ ညွှန်းဖော်ထုတ်၊ မယုတ်မှန်လှ အောင်ပွဲရ။
၈။ ကြက်ဆုတ်ခွပ်ပစ်၊ ထုံးစနစ်၊ စင်စစ်မှန်လှ အောင်ပွဲရ။
၉။ ရေစစ်သောလား၊ ပမာထား၊ စကားဆိုက အောင်ပွဲရ။၁၀။ ခက်တင်မောင်းနင်း၊ ပြောဆိုခြင်း၊ မယွင်းမှန်လှ အောင်ပွဲရ။



0
responses to “
ဆင်ဝှေ့ရန်ရှောင် ပြောနည်း
”