ရေစစ်ပမာ စကားပြောနည်း
ဓမ္မကရိုဏ်းခေါ်သော ရေစစ်ကို ရေတွင် နှစ်၍ ရေပြည့်လျှင် အပေါက်ကို လက်ဖြင့် ပိတ်ယူပါက ရေမထွက်နိုင်သကဲ့သို့ တဘက်လူ၏စကားကို ပိတ်မိအောင် ပြောဆိုခြင်းသည် "ရေစစ်ပမာ စကားပြောနည်း"မည်၏။
သူငယ်လေးယောက်နှင့် သူအိုကြီးတို့ ယုံတမ်းစကား ပြောကြားပုံကို သာဓက ထုတ်အပ်၏။
လင်္ကာ
ရေစစ်ကရား၊ စကားရုဠီ၊ ပြောကြမည်ဟု၊ ကြံစည်ပြုငြား၊ လေးယောက်သားနှင့်၊ တပါးသူအို၊ သစ္စာဆို၍၊ အလိုမတူ၊ မယုံသူကို၊ ကျွန်မူမသွေ၊ စေစားလေဟု၊ အပြိုင်ပြုက၊ လေးဝယောက်ျား၊ လူငယ်များတို့၊ စကားပေါ့သွပ်၊ မပြောတတ်လျှင်၊ ထပ်၍တဖန်၊ မြွက်ပြန်လေတုံ၊ စကားပုံမှာ၊ ဝါပင်ကပေါက်၊ လေးယောက်သင်တို့၊ ဆိုလေမြို့သော်၊ မယုံတို့ပါ၊ ပြန်ပြောခါလည်း၊ ကျွန်သာအစစ်၊ ဆိုသည်ဖြစ်လည်း၊ နစ်အံ့ကျွန်တွင်း၊ အရင်းအဖျား၊ ဘိုးသက်ကြားလျှင်၊ ဆီးတားပတ်ရစ်၊ စကားမြစ်သည်၊ ရေစစ်ကရား ပြောနည်းတည်း။***
အောင်ပွဲရ ကဗျာ
၂။ ကောက်ပင်ရိတ်လှီး၊ ပြောဆိုနည်း၊ ဉာဏ်မှီးပါက အောင်ပွဲရ။
၃။ ရေစီးဖောင်ဆန်၊ ပြောဆိုဟန်၊ ဝေဖန်နှိုင်းဆ အောင်ပွဲရ။
၄။ အိုးတန်ဆန်ခတ်၊ ပမာဟပ်၊ ပြောတတ်ပါက အောင်ပွဲရ။
၅။ ဆီပွတ်ကျည်ပွေ့၊ ပြောဆိုလေ့၊ လက်တွေ့မှန်လှ အောင်ပွဲရ။
၆။ ဆင်ဝှေ့ရန်ရှောင်၊ ပမာဆောင်၊ လူ့ဘောင်လောက အောင်ပွဲရ။
၇။ တောင်သူယာခုတ်၊ ညွှန်းဖော်ထုတ်၊ မယုတ်မှန်လှ အောင်ပွဲရ။
၈။ ကြက်ဆုတ်ခွပ်ပစ်၊ ထုံးစနစ်၊ စင်စစ်မှန်လှ အောင်ပွဲရ။
၉။ ရေစစ်သောလား၊ ပမာထား၊ စကားဆိုက အောင်ပွဲရ။
၁၀။ ခက်တင်မောင်းနင်း၊ ပြောဆိုခြင်း၊ မယွင်းမှန်လှ အောင်ပွဲရ။



0
responses to “
ရေစစ်ပမာ စကားပြောနည်း
”