ရေကူးညာတင် ပြောနည်း
မြစ်တဘက်မှ လိုရာဆိပ်ကမ်းသို့ ကူးလိုလျှင် မြစ်ညာက တင်၍ကူးမှ လိုရာသို့ ရောက်သကဲ့သို့ မိမိအလိုရှိရာသို့ ရောက်အောင် အထက်က တင်ကူး၍ ပြောခြင်းသည် "ရေကူးညာတင် ပြောနည်း "မည်၏။ အူထုံးရောဂါသည်ကို ကုရာ၌ ဇီဝက ပြောသော စကားကို သာဓကထုတ်အပ်၏။
လင်္ကာ
ရေကူးညာတင်၊ ထုံးပုံပြင်ကို၊ လင်္ကာကျဉ်းရုံး၊ ဓိပ္ပါယ်ကုံးသော်၊ အူထုံးလေငြား၊ သူဌေးသားကို၊ သမားဇီဝက၊ ရက်သတ္တဝယ်၊ ကုမည်ရွယ်လည်း၊ မလွယ်လေဟန်၊ အကျယ်ဉာဏ်ဖြင့်၊ ကယ်မှန်ခုနစ်လ၊ အိပ်သော်မှလျှင်၊ ကုမနိုင်မည်၊ သို့ဆိုသည်ကို၊ အလီနှိမ့်ချ၊ လေးငါးလနှင့်၊ သုံးလနှစ်လ၊ တစ်လတိုင်အောင်၊ မစွမ်းဆောင်မှ၊ ရက်သတ္တတွင်၊ မုချမလွဲ၊ အိပ်ပျော်ဆဲဝယ်၊ ဝမ်းခွဲပြီးခါ၊ အူထုံးရာကို၊ လွယ်ကာဖြေရှင်း၊ သွင်းမြဲသွင်း၍၊ နေရင်းတိုင်းသာ၊ ပြီးစေရာသည်၊ ရေကူးညာတင် စကားတည်း။***
အောင်ပွဲရ ကဗျာ
၂။ ကောက်ပင်ရိတ်လှီး၊ ပြောဆိုနည်း၊ ဉာဏ်မှီးပါက အောင်ပွဲရ။
၃။ ရေစီးဖောင်ဆန်၊ ပြောဆိုဟန်၊ ဝေဖန်နှိုင်းဆ အောင်ပွဲရ။
၄။ အိုးတန်ဆန်ခတ်၊ ပမာဟပ်၊ ပြောတတ်ပါက အောင်ပွဲရ။
၅။ ဆီပွတ်ကျည်ပွေ့၊ ပြောဆိုလေ့၊ လက်တွေ့မှန်လှ အောင်ပွဲရ။
၆။ ဆင်ဝှေ့ရန်ရှောင်၊ ပမာဆောင်၊ လူ့ဘောင်လောက အောင်ပွဲရ။
၇။ တောင်သူယာခုတ်၊ ညွှန်းဖော်ထုတ်၊ မယုတ်မှန်လှ အောင်ပွဲရ။
၈။ ကြက်ဆုတ်ခွပ်ပစ်၊ ထုံးစနစ်၊ စင်စစ်မှန်လှ အောင်ပွဲရ။
၉။ ရေစစ်သောလား၊ ပမာထား၊ စကားဆိုက အောင်ပွဲရ။၁၀။ ခက်တင်မောင်းနင်း၊ ပြောဆိုခြင်း၊ မယွင်းမှန်လှ အောင်ပွဲရ။

0
responses to “
ရေကူးညာတင် ပြောနည်း
”